ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ

မြန်မာတို့သည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသော လူမျိုးများဖြစ်ကြသည်။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အားလျှော်စွာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ဓလေ့စရိုက်များကို သိရှိပြီး တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိလူမျိုး မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်လိုစိတ်များ ရှိကြပေသည်။

ထိုအထဲတွင် မြန်မာအမျိုးသမီးများလည်း ပါဝင်လေသည်။ မြန်မာအမျိုးသမီး ငယ်လေးများသည် ရှေးခေတ်အခါက အမျိုးသမီးများနည်းတူ ရင်ဖုံးအင်္ကျီ၊ ထဘီများကိုဝတ်ဆင်ကာ ရှေးထုံးအစဉ်အလာ မပျက်စေဘဲ ရိုးရိုးယဉ်ယဉ်ကလေးများဖြင့် လူကြီးမိဘများရဲ့ စိတ်သဘောထားများနည်းတူ ဝတ်စားဆင်ယင် နေထိုင်ကြပြီး ဘုရားသွားကျောင်းတက် အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင်လည်း မြန်မာဝတ်စုံ လေးများဖြင့် ကြက်သားရေရှိရှိ ဝတ်ဆင်လာကြသူများ ဖြစ်ကြပါသည်။ သို့သော်  အချို့မှာ စကပ်များ၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်များဖြင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ဖျက်စီးသူ စုန်းပြူးလူငယ် အချို့လည်း ရှိကြသေးသည်။

မြန်မာ အမျိုးသမီးများသည်  နောင်လာမဲ့အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ ဖြစ်သည်နှင့် အညီ  ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်တာမို့ တရားတော်နဲ့လျှော်ညီတဲ့ ဆင်ယင်ထုံးဖွဲ့မှု များနဲ့သာဝတ်ဆင်ကြ၍ မြန်မာကို မြန်မာမှန်း အဝတ်မြင်တာနဲ့တင် တိုင်းတစ်ပါးသားတို့ သိစေချင်ပါသည်။ မြန်မာအမျိုးသမီး လေးများမှာ ရင်ဖုံးအင်္ကျီနှင့် ထဘီ (သို့) လုံချည်များ ဝတ်ဆင်ခြင်းဖြင့်  ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ကြသည်မှာ စံနမူနာ ဖြစ်ခဲ့သည်။ မြန်မာအမျိုးသမီးများသည် ပင်ကို သဘာဝအရ အေးဆေးတည်ငြိမ်ပြီး စိတ်ထား နူးညံ့သိမ်မွေ့သူများ ဖြစ်သည်နှင့်အညီ က္ကန္ဒြေလည်း ကြီးသူဖြစ်သည်။

ထိုကြောင့်  မြို့ကြီးပြကြီးများမှအစ ကျေးလက်ဒေသ တောရွာများအဆုံး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို အတိမ်းအစောင်းမခံဘဲ  အလှပန်းချီဟု တင်စားခေါ်ဆိုထိုက်သော မြန်မာ အမျိုးသမီးများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုအလှအပများကို အလှပန်းချီဆရာများက မြန်မာ့ယဉ်ကျေးမှု ဆေးစုတ်တံဖြင့် စုတ်ချက်ကောင်းကောင်း ခြယ်သ၍ ပြစေလိုပါသည်။ မြန်မာအမျိုး သမီးများရဲ့ ရိုးရာဝတ်စား ဆင်ယင်မှုများမှာ ထာဝရပိုင်ဆိုင်ထားသင့်သကဲ့သို့ အဝတ်များ ဆင်မြန်းသည့် နေရာတွင်လည်း အရှက်တရားနှင့် အကြောက်တရားများကို ထိန်းသိမ်းကာ မရိုးလွန်း၊ မဆန်းလွန်း၊ ခေတ်နောက်လည်း မကျလွန်း၊ ခေတ်ရှေ့လည်းမကျော်လွန်ဘဲ မြင်ရသူတိုင်းရဲ့ စိတ်ထဲနှလုံးသားထဲမှာ မျက်စိအကျဆုံး၊ အကြည်နူးဆုံး၊ ကျက်သရေ မင်္ဂလာအရှိဆုံးဖြစ်တဲ့ မြန်မာ့ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းထားကြသော ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုး သမီးလေးများ ဖြစ်ပါတော့သည်။ 

ဇေယျာထက် (မင်းဘူး)