ဘားအံ ဇူလိုင် ၄
ကရင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီခန့်က ဘာအံမြို့ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၌ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင် သူ(၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆) လ(ဒုတိယအကြိမ်)သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ(၁)နှစ်သင်တန်းသူများအနေဖြင့် နိုင်ငံပိုင်ချည်မျှင်နှင့်အထည်အလိပ် စက်ရုံများနှင့် ပုဂ္ဂလိကစက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး လက်ရက်ကန်း(၆)လ သင်တန်းဆင်းများအနေဖြင့် ပုဂ္ဂလိကရက်ကန်းရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်း(၂)ခုစလုံးသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဖြစ်သော်လည်း COVID-19 ကပ်ရောဂါ ကြောင့် အချိန်အတော်ကြာ ရပ်နားထားခဲ့ရပြီး ၂၀၂၀-၂၀၂၁ ခုနှစ် မေလ ၁၇ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ် သင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါ ကိုယ်ပိုင်လုပ်ငန်းများ တည်ထောင်လုပ်ကိုင်နိုင် စေရေးအတွက် ကျေးလက်ဒေသနှင့်ဆင်းရဲမှုလျော့ချရေးရန်ပုံငွေမှ သင်တန်း ဆင်းတစ်ဦးလျှင် လက်ရက်ကန်းစင်ကြီးတစ်စင်စီနှင့် အခြားဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ရိုးရာရက်ကန်းပညာရပ်များကို ထိန်းသိမ်း၍ မိသားစု တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိစေပြီး ကောင်းမွန်ဆန်းသစ်သည့် အထည်များဖန်တီးနိုင်သော လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သင်တန်းဆင်းထူးချွန်ဆုများကို လည်ကောင်း၊ ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄) ဦးစောခင်မောင်မြင့်က ထောက်ပံ့ပစ္စည်း များကိုလည်ကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်က သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် သင်တန်းဆင်းသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းဆင်းသင်တန်းသူများ၏ လက်ရာများကို လိုက်လံကြည့်ရှုအားပေးကာ သင်တန်းသူများ၏ လက်ရက်ကန်း ရက်လုပ်မှုအခြေနေများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မွန်လွဲ ၃ နာရီခန့်၌ ဘားအံ မြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် ခဲ့ကြပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယနေ့အခမ်းအနားသည် ကရင်ပြည်နယ်ရှိ အမျိုး သမီးတစ်ရပ်လုံးအတွက် စွမ်းဆောင်ရည် ပြည့်ဝစေရေး၊ နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်နိုင်စေရေး၊ အခွင့်အရေးများကို အခြေခံသော ကာကွယ်စောင့်ရှောက်မှု အပြည့် အဝရရှိစေရေး ရည်ရွယ်ပြီး နှစ်စဉ်ဇူလိုင်လ(၃)ရက်နေ့တွင် ကျင်းပမြဲဖြစ်သည့် မြန်မာအမျိုးသမီးများ နေ့ အထိမ်းအမှတ်အခမ်းအနားကို ကြိုတင်ကျင်းပခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးကော်မတီများကို ပြင်ဆင်ဖွဲ့စည်းအတည်ပြုပြီး အမျိုးသမီးများ အတွက် ယာယီနားခိုရာ နေရာတစ်ခု ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံလူဦးရေ ထက်ဝက်ကျောက်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် နိုင်ငံ၏အရေးပါသောပြုပြင် ပြောင်းလဲ ရေးလုပ်ငန်းစဉ်များတွင် အင်အားစုတစ်ရပ်အနေဖြင့် ထိရောက်စွာပါဝင်လာစေရေး ဝိုင်းဝန်းကျိုးပမ်း ဆောင်ရွက်ကြဖို့လိုကြောင်း၊ အမျိုးသမီးများကိုအလေးထားခြင်းအားဖြင့် ကျား-မအခြေပြုအကြမ်းဖက် မှုများ လူ့ဘောင်လောကမှပပျောက်သွားမည်ဖြစ်ပြီး မိရိုးဖလာယဉ်ကျေးမှုများ၊ စံနှုန်းများအတိုင်း အမျိုးသမီးများကို တန်ဖိုးထားစောင့်ရှောက်ပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးရေးအတွက် အားသွန် ခွန်စိုက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးကျော်စိုးက မြန်မာအမျိုးသမီးများနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး နှင့်ဇနီးနန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော် မတီဝင်များ၊ အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)