မုံရွာ ဇူလိုင် ၄
၂၀၂၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)အချိန်က မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစား ဝါသနာရှင် ပြည်သူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ပြိုင်ပွဲဝင်အသင်းများမှ စစ်ကြောင်းပုံစံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များက အဖွင့်ပွဲစဉ်အဖြစ် ဝက်လက်မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းအသင်းနှင့် ကျွန်းလှမြို့နယ် အမျိုးသား ပိုက်ကျော်ခြင်း အသင်းတို့ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား မြို့နယ် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၃၃)မြို့နယ်မှ အားကစားသမား (၃၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် ဇူလိူင်လ (၃)ရက်နေ့မှ ဇူလိုင်လ(၈)ရက်အထိ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပသော တိုင်းဒေသကြီး Coronarvirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၃/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ Coronarvirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က အဖွင့်အမှာ စကားပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးသည် ၂၀၂၁-ခုနှစ် ဇွန်လ ဆန်းမှစတင်၍ ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဓါတ်ခွဲအတည်ပြု လူနာအသစ်များ နေ့စဉ်တွေ့ရှိရပါသဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း များအပြင် ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ဌာနအဖွဲ့အစည်းများအနေဖြင့် လူမူရေးအသင်းအဖွဲ့များ၊ ပြည်သူများဖြင့် ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
ယင်းနောက် Coronarvirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းလွင် တို့က COVID-19 ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီးအတွင်းရှိ ဒေသ/ခရိုင်အဆင့် Coronarvirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ များမှ Video Conferencing စနစ်ဖြင့် မိမိတို့ ဒေသ/ခရိုင်များအတွင်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များအား အသီးသီး ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ လိုအပ်သည်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး Coronarvirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်