ချီဖွေ ဇူလိုင် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချီဖွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန သားဖွား ဆရာမ ဒေါ်စီခေါင်နော ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ မွေးစ(၂)လမှ အသက်(၁၈)လအထိ ကလေးငယ်များအား ပြင်းထန်တီဘီ၊ အဆုတ်ရောင်၊ ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေးထိုး/အစက်ချ ကာကွယ်ဆေး၊ပြင်းထန်ဝမ်းပျက်/ဝမ်းလျှော ရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို အသက်အရွယ် အလိုက်သက်ဆိုင်ရာ ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ် ဆေးထိုး၊ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း များကို လဆန်းပိုင်း(၃)ရက်နေ့၌ မြို့နယ် ပြည်သူ့ဆေးရုံကျန်းမာရေးဌာနတွင် လစဉ်ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ အသက်(၉)နှစ်နှင့် အသက်(၁၀)နှစ် မိန်းကလေး ငယ်များအား(HPV) သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးကို ပုံမှန်ဆေးထိုး၊ ဆေးတိုက်နေ့တွင် ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ချီဖွေ(ပြန်/ဆက်)