မင်းဘူး ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ တော်ကို ယနေ့ နံနက် ၈ နာရီအချိန်က မင်းဘူး-အမ်း ကားလမ်းဘေးရှိ ဘိုးဘွားရိပ်သာဝန်းအတွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းမင်းသန့်တို့က စိုက်ပျိုးမည့် ပျိုးပင်များကို အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ပိတောက်၊ ဇီးဖြူ၊ ရေတမာ၊ မယ်ဇယ်၊ ဗန်ဒါ၊ ငုရွှေဝါ၊ ခရေ၊ ထိုင်ဝမ်ဗန်ဒါ၊ ကျွန်းနှင့် ယင်းမာ စသည့် ပျိုးပင်ပေါင် (၁၅၀) ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဝင်အောင်က “သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေဖို့၊ အရိပ်အာဝါသရရှိကာ စိတ်ကြည်နူးမှုရရှိစေဖို့၊ ရာသီဥတု ပြောင်းလဲမှု လျော့ချနိုင်စေဖို့၊ ပြည်သူများ သစ်ပင်စိုက်ပျိုးမှု အလေ့အထဖြစ်စေဖို့နဲ့ သစ်ပင်တွေကို ချစ်ခင်မြတ်နိုးတတ်လာစေဖို့ ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ မှ မိသားစုဝင်များ တက်ရောက်၍ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မောင်မောင်