ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ကျောက်တံခါးမြို့နယ် မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနား တက်ရောက်

 ကျောက်တံခါး ဇူလိုင် ၃

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်ကြိုးဝိုင်း၊ အကွက်အမှတ် (၇၇)ရှိ ရဲနွယ်ပျိုးဥယာဉ်တွင်ပြုလုပ်သည့် ၂၀၂၁ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

 အဆိုပါ ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား၌ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လူသားတွေရဲ့ ရှင်သန်ရပ်တည်နိုင်ရေးမှာ သစ်တောဂေဟစနစ် ရေရှည်တည်တံ့ ကောင်းမွန်စေရန် လိုအပ်ကြောင်း၊ ကမ္ဘာတစ်ဝန်းမှာ လက်ရှိကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲမှုများသည် သစ်တောများ စည်းကမ်းမဲ့ခုတ်ထွင်ခြင်း၊ တောရိုင်းတိရစ္ဆာန်တို့၏ နေထိုင်ရာဒေသတွေကို ကျူးကျော်နယ်ချဲ့၍ မြို့ပြနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေ ချဲ့ထွင်ခြင်း၊ ရေနေသတ္တဝါ အလွန်အကျွံ ဖမ်းဆီးခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုလုပ်ငန်းများ တစ်နေ့တစ်ခြား တိုးချဲ့ဆောင်ရွက် ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် သစ်တောများ ပြန်လည် ဖြစ်ထွန်းပြီး ရာသီဥတုပြောင်းလဲမှုများကို ဟန့်တားနိုင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန် ဖြစ်ထွန်းရေးနှင့် လူမှုစီးပွားရေး အထောက်အပံ့ ဖြစ်စေရေးတို့အတွက် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းကို အစဉ်တစ်စိုက် အားပေး ဆောင်ရွက်သွားမည်ဖြစ်သလို တရားမဝင် သစ်ခိုးထုတ်မှုများနှင့် တောရိုင်းတိရစ္ဆာန်များ တရားမဝင် သတ်ဖြတ်ရောင်းဝယ်မှုများကိုလည်း ထိထိရောက်ရောက်ဟန့်တား ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်းနှင့် သဘာဝသစ်တောဂေဟ စနစ် စဉ်ဆက်မပြတ်တည်တံ့ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူ၍ ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

 

 ယင်းနောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရဲနွယ် ပျိုးဥယျာဉ် အတွင်း၌ အမြင့်(၂)ပေအထက်ရှိ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သင်္ကန်း၊ မဟောဂနီ၊ ကံ့ကော်၊ သပြေ ဘူတ၊စုစုပေါင်းအပင်ရေ(၁၀၀၀)အား စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး ဟိမဝန္တာဝက်ဝံ(ခ) အာရှဝက်ဝံနက် ပြုစု စောင့်ရှောက်ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုခဲ့သည်။

 

 ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရဲနွယ်ပျိုးဥယျာဉ် ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ပြီး မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးတင်ထွန်းက အိုင်တုံ သစ်တောကြိုးဝိုင်းအတွင်း သစ်တောများ ပြုစုထိန်းသိမ်းခြင်း၊ တန်ဖိုးမြှင့်သစ်တောစိုက်ခင်းထူထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ ထူထောင်ပေးခြင်းနှင့် တရားမဝင်သစ် ဖမ်းဆီးရရှိမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကျေးရွာ(၁) ရွာလျှင် အနည်းဆုံး ကျေးရွာထင်းစိုက်ခင်း (၂)ဧကနှင့်အထက် ဆောင်ရွက်ပေးရန်၊ တရားမဝင် သစ်ခိုးထုတ်မှု များအား အရှိန်အဟုန်ဖြင့် ဖမ်းဆီးရန်၊ ပဲခူးရိုးမအတွင်း အဖျက်အမှောက် လုပ်ငန်းများဆောင်ရွက် နိုင်သည့် အစုအဖွဲ့များ ခိုအောင်းနိုင်သဖြင့် လုံခြုံရေးအထူးသတိပြု ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ရဲနွယ်ပျိုး ဥယျာဉ်အတွင်း သစ်ပင်များ ပျိုးထောင်ထားရှိမှု အခြေအနေအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

စန်းစန်း