ပခုက္ကူ ဇူလိုင် ၃
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံး က “ပန်းခင်း” စီမံချက်ဖြင့် ဇွန်လကုန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၇၈)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၀၆) ခု ဆောင်ရွက်ပြီး ကြောင်း သိရသည်။
“ပန်းခင်း” စီမံချက်ဖြင့် ပခုက္ကူမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်လကုန်အထိ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၂) ကတ်၊ အသက် ၁၈ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား(၁၃၆)ကတ်၊ တရားဝင်အိမ်ထောင်စုလူဦးရေစာရင်း (၉၅)ခု၊ M တံဆိပ်ပါ တရားဝင် အိမ်ထောင်စု လူဦးရေစာရင်း (၁၁) ခု၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၇၈) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၀၆)ခုတို့ကို စိစစ်ဆောင်ရွက်ပြီးစီးသောကြောင့် သက်ဆိုင်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပြီး ဖြစ်ကြောင်း၊ စီမံချက်ကာလအတွင်း ဆောင်ရွက်မည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအရေအတွက် (၁၆၈၅၈) ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း (၅၈၃) ခုဖြစ်ရာ ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေးကတ် ပြားနှင့်အိမ်ထောင်စု လူဦးရေစာရင်းများကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလအထိ အပြီးသတ် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ပခုက္ကူမြို့နယ် တစ်ခုလုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ (၂၈၇၇၉၂)ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်မှူး ဦးအောင်မျိုးထွန်းက ပြော သည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက် လုပ်ငန်းမှာ အိမ်ထောင်စု လူဦးရေ စာရင်းမရှိသူများ၊ မည်သည့်ကတ်အမျိုးအစားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းရှိ သော်လည်း နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ရန် ကျန်ရှိသူများ၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့အတွင်း တိုးလာမည့် အသက်(၁၈)နှစ်နှင့်အထက်ရှိသူများကို အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိနိုင်ရေးတို့အတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး