မြိုင်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုး/ဘွား(၁၅၂၂)ဦးအား လူမှုရေးပင်စင်ထောက်ပံ့

မြိုင် ဇူလိုင် ၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး၊ဘွား (၁၅၂၂)ဦး တို့အား လူမှုရေးပင်စင်ကို ဇူလိုင်လ(၁)ရက်နေ့မှစ၍ တစ်ဦးလျှင် သုံးလစာအတွက် ငွေကျပ် သုံးသောင်းနှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

မြိုင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၁)အုပ်စုရှိ သက်ကြီးဘိုးဘွား (၁၅၂၂)တို့အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ သုံးလစာပေါင်း၍ ထောက်ပံ့နေသည့် စနစ်အတိုင်း ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး ထိုထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ သက်ကြီးရွယ်အိုများကို နိုင်ငံတော်က ထောက်ပံ့ပေးသည့် အတွက် ဘိုး၊ ဘွားများတွင် အကျိုးရှိကြောင်းနှင့် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူ များအား ကျေးဇူးတင်ရှိပါကြောင်း ထောက်ပံ့ငွေရရှိသည့် အဘိုး၊ အဘွားများက ပြောကြားခဲ့ကြောင်း သိရသည်။

 

မိုးကြီး(မြိုင်)