ထားဝယ်မြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပ

ထားဝယ်   ဇူလိုင် ၃

 

၂၀၂၁ ခုနှစ်၊ မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က နှစ်စဉ် ဇူလိုင်လ(၃)ရက်နေ့သည် မြန်မာအမျိုးသမီးများနေ့ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက်လာရခြင်းမှာ ၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကမ္ဘာ့အမျိုးသမီး ညီလာခံကြီးကျင်းပခဲ့ကြောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အမျိုးသမီးတစ်ဦးချင်းစီအနေဖြင့် တစ်ဦးနှင့်တစ်ဦးအပြန် အလှန်နားလည်မှု၊ လေးစားယုံကြည်မှု၊ ချစ်ခင်ကြင်နာမှုများဖြင့် ပေါင်းစပ်စွမ်းဆောင်မည် ဆိုပါက နိုင်ငံလူဦးရေ ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးတို့သည် ငြိမ်းချမ်းသာယာပြီး ပြည်ထောင်စုကြီးအောင်မြင်စွာ တည်ဆောက် နိုင်ရန် အဓိကကျသော စွမ်းအားကြီး တစ်ရပ်လည်းဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများ၊ မြန်မာ့သမိုင်းတစ်လျှောက် အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ထွန်းကားပြန့်ပွားအောင်၊ စံနမူနာအဖြစ် ကြိုး ပမ်းရာတွင် လည်းကောင်း၊ မြန်မာ့လူ့ဘောင်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ နောင်တစ်ခေတ်၏ ခေါင်းဆောင်များဖြစ်သော မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးရာတွင်လည်းကောင်း၊ ကျရာတာဝန်များကို ကျေပွန်စွာ ပါဝင်ဆောင်ရွက်လျက်ရှိကြကြောင်း၊ ယနေ့မြန်မာ အမျိုးသမီးများနေ့တွင် ဂုဏ်ပြုမှတ်တမ်း တင်နိုင်ခြင်းသည် မြန်မာအမျိုးသမီးတိုင်းအတွက် ဂုဏ်ယူကျေနပ်အားရဖွယ်ဖြစ်ပါကြောင်း၊ နောင်များ တွင်ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင် က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင်ရွက်မှုများ အား ရှင်းလင်းပြောကြားသည်။

 

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဦးတင်အောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီဥက္ကဋ္ဌ ဒေါ်သီသီစိုးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်

 

ကျော်ကျော်လတ်(ထားဝယ်)