မင်းလှမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး

အထက်မင်းလှ ဇူလိုင် ၃

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ သစ်တောဦးစီးဌာနမှ စီစဉ် ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုဖောက်ပြန်ခြင်းများ လျော့နည်း စေပြီး သဘာ၀ ဘေးအန္တရာယ်များ ကင်းဝေးစေနိုင်ရန် ရည်ရွယ်၍  ယနေ့ နံနက် (၈)နာရီက စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊  အမှတ်(၁၇)အကြီးစား စက်ရုံ(မလွန်)၊ အမှတ်(၁)ဝန်ထမ်း လိုင်းခန်းအနီး မြေကွက်လပ်၌ စိုက်ပျိုးခဲ့သည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်စိုးလင်းက သစ်ပင်စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဌာနဆိုင်ရာများအား ပျိုးပင်များကိုပေးအပ်ခဲ့သည်။

 

သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်‌မောင်စိုးလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊‌ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြပြီး ကျွန်း(၂၀)ပင်၊ ရှား(၅၀)ပင်၊ ပိတောက်(၂၀)ပင်၊ ယူကလစ်(၂၀၀)ပင်၊ လျှော်ဖြူ(၉၃)ပင်၊ မယ်ဇလီ(၃၀)ပင်၊ ယင်းမာ(၃၀)ပင်၊ ဗန်ဒါ(၅)ပင်၊ တမာ(၁)ပင်၊ ဖြောက်ဆိပ်(၁)ပင် စုစုပေါင်း သစ်ပင်(၄၅၀)ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)