အိမ်မဲ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာဆောင်ရွက်မည့် ဆင်တိုးကျေးရွာအား ရန်ပုံငွေ ကျပ်သိန်းသုံးရာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော် က "မွေးမြူရေး လုပ်ငန်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုတဲ့ ကျေးလက်နေပြည်သူများအတွက် တစ်နိုင်တစ်ပိုင်မှသည် တစ်ရွာ ထုတ်ကုန် တစ်မျိုးအဆင့်ထိ ထုတ်လုပ်သွားနိုင်မည့် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေး ကျေးရွာများ ကို မွေးမြူရေးလုပ်ငန်းမှ မိသားစုဝင်ငွေတိုးတက်ရရှိသည့်အပြင် စားနပ်ရိက္ခာဖူလုံ၍နှစ်စဉ် တစ်ဦးချင်းအသား၊ နို့၊ ဥ စားသုံးမှု တိုးတက်လာစေဖို့၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ် ရရှိပြီး ကျေးရွာလည်ပတ် ရန်ပုံငွေ ထူထောင်နိုင်စေဖို့၊ ကျေးရွာ လည်ပတ်ရန်ပုံငွေ စနစ်တွင် ကျေးရွာကြီးကြပ်မှု ကော်မတီ၏ သဘောတူ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ် အတိုးငွေထည့်ဝင်ပြီး တိုးပွားလာသော အတိုးငွေ၏ အချို့ကို မွေးမြူရေးကို အခြေခံသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ချက်များဖြင့် ရန်ပုံငွေကို လွှဲပြောင်းပေးရခြင်းဖြစ်ကြောင်း" ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေါက်တာသန်းဌေးက "မြစိမ်းရောင် (အသားကဏ္ဍ) ဆောင်ရွက်မည့် ဆင်တိုးကျေးရွာမှ ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များအနေနဲ့ လိုအပ်တဲ့ အကူအညီများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကမြို့နယ် ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်နဲ့ ကျွန်တော့်ကို ချိတ်ဆက်ပြီး အကူအညီတောင်းခံနိုင်ကြောင်း၊ မြစိမ်းရောင် (အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်တဲ့ အခါမှာ ကော်မတီ အဆင့်ဆင့်ရှိတဲ့အတွက် ဖွံ့ဖြိုးတိုး တက်စေမည်ဖြစ်ကြောင်း၊ ယခုလွှဲပြောင်း ပေးအပ်လိုက်တဲ့ ရန်ပုံငွေကိုလည်း အရင်းမပျောက်စေပဲ တိုးတက်အောင် ဆောင်ရွက်ဖို့လိုကြောင်း" ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးက မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကျပ်သိန်းသုံးရာအား မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးက ဆင်တိုးကျေးရွာ သို့လွှဲပြောင်းပေးအပ်ခဲ့ရာ ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင် တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)