ကြို့ပင်ကောက်မြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကြို့ပင်ကောက် ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မီတာ(၄၀၀)အားကစားကွင်းတွင် မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးကျင်းပသော မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရခြင်းမှာ သဘာဝဘေးအန္တရာယ်များ လျော့ပါးပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး များကို ဒေသခံပြည်သူများ ရရှိခံစားရစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပွဲတော် အထိမ်းအမှတ်အဖြစ် ကျွန်း(၁၂)ပင်၊ ပျဉ်းကတိုး(၂)ပင်၊ မဟော်ဂနီ(၂)ပင်၊ ခရေ(၂)ပင်၊ တမလန်း(၂)ပင်၊ မန်ဂျန်ရှား(၁၃၀)ပင်၊ ပျိုးပင်ပေါင်း (၁၅၀)တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အင်အား ၁၁၅ ဦးခန့် တက်ရောက်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်မိုးရာသီတွင် သစ်တောကျိုးဝိုင်းများ၊ ကျေးရွာ စိုက်ခင်းများတွင် စိုက်ပျိုးရန်နှင့် သစ်ပင်စိုက်ပျိုးလိုသော ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးရန် ပျိုးပင်ပေါင်း ငါးသောင်းကို ပျိုးထောင်ထား ရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)