မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၉၁)ဦး ထပ်မံတွေ့ရှိ

 

မကွေး ဇူလိုင် ၃

 

မကွေးတိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ ရှိနေပြီး ဇူလိုင်လ ၂ ရက် ယနေ့ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန် ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၉၁)ဦး ထပ်မံတွေ့ရှိကာ တိုင်းဒေသကြီးအတွင်း အတည်ပြု လူနာပေါင်း (၄၇၀)ဦး အထိရှိလာကြောင်း သိရှိရသည်။

 

ယခုဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်-၁၉ မှာ ကူးစက်ပြန့်ပွားနှုန်းနဲ့ သေဆုံးမှုနှုန်း မြင့်မားနေတာကို သတင်း ဖော်ပြချက်များအရ သိရပါတယ်၊ တိုင်းဒေသကြီးအတွင်း ပိုးတွေ့ရှိမှုက ဂန့်ဂေါခရိုင်မှာ  အများဆုံး တွေ့ရှိနေပြီး၊ ဂန့်ဂေါမြို့နယ်အတွင်းက ဟံသာဝတီကျေးရွာ၊ မွေ့လည် ကျေးရွာ၊ ရှုံးရှိ ကျေးရွာ၊ လုံဟောကျေးရွာနဲ့ ဂန့်ဂေါ မြို့မရပ်ကွက်တို့ကို အသွားအလာ ကန့်သတ် ထုတ်ပြန်ထားပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့ထိစပ်တွေကနေ ကိုဗစ်ပိုးတွေ့ရှိမှုက ပိုမိုများ လာတာပါ၊ ဒီနေ့ တွေ့ရှိခဲ့တဲ့ လူနာတွေက (RDT) Test Kit စစ်ဆေးမှုများအရ ပိုးတွေ့အတည်ပြု လူနာသစ် (၉၁)ဦး ထပ်တိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်၊ အသစ်ထပ်မံ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြု လူနာတွေက တောင်တွင်း ကြီးက(၃၈)ဦး၊ ဂန့်ဂေါက(၂၅)ဦး၊ မကွေးက(၁၄)ဦး၊ မြိုင်က(၈)ဦးနဲ့ မင်းဘူး၊ သရက်၊ နတ်မောက်က (၂)ဦးစီတို့ ဖြစ်ပါတယ်၊ ပိုးတွေလူနာတွေထဲမှာ အနံ့ပျောက်လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည်ပြု လူနာနဲ့ ထိတွေ့မှုရှိသူတွေ၊ စောင့်ကြည့်လူနာတွေ  ပါဝင်ပါတယ်၊ တိုင်းဒေသကြီး အတွင်းမှာ တတိယလှိုင်း ကူးစက်မှုအဖြစ် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာပေါင်းက(၄၇၀)ဦး ထိရှိ လာပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

 

မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိအခြေအနေမှာ ပိုးတွေ့အတည်ပြုလူနာပေါင်း(၄၇၀)ဦး ရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ(၆၄)ဦး၊ သေဆုံးသူက(၄)ဦးရှိ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ (၃၁၁)ဦး ရှိ ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။

 

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့နှင့် ပူးပေါင်းပြီး ဆေးနှင့် ဆေး ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် ဆောင်ရွက်ထားရှိကြောင်း၊ ကိုဗစ်-၁၉ ကို တုံ့ပြန်ဆောင်ရွက် ရာတွင် ဆေးရုံများအလိုက် လိုအပ်မည့်အချက်အလက်များကို ပြုစုဖြန့်ဝေ၍ အဓိက လိုအပ်ချက်များ ဖြစ်သည့် PPE, VTM tube, Hand sanitizer, Surgical Mask, Guidelines, Posters များကို ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ခုတင်(၅၀၀)ဆံ့ တိုင်းပြည်သူ့ ဆေးရုံကြီး၊ ကုတင်(၂၀၀)ဆံ့  ပြည်သူ့ဆေးရုံကြီးများနှင့် ခရိုင်၊ မြို့နယ် တိုက်နယ်ဆေးရုံများ အားလုံး တွင် အရေးပေါ် လူနာများအား လက်ခံကုသပေးလျက်ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

မောင်ညီညာ(မကွေး)