မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မကွေး ဇူလိုင် ၃
 
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန် ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ သည်။
 
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားရာ တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအနေဖြင့် ယခုထပ်မံဖြစ်ပွားမှုနှုန်း မြင့်မားလျက် ရှိသော ကိုဗစ်-၁၉ ရောဂါ Third Wave ဖြစ်ပွားလာမှုနှင့် ပတ်သက်၍ မိမိတို့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကြုံတွေ့နေရသော အခက်အခဲများ၊ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးသွားကြရန် လိုအပ်ကြောင်း၊ ပြည်သူလူထုများ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အသိပေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးပစ္စည်း လိုအပ်ချက်များ၊ မြို့နယ်အလိုက် ဖွင့်လှစ်ရန်လိုအပ်မည့် စစ်ဆေးရေးဂိတ်များ နှင့် ပတ်သက်၍ တင်ပြဆွေးနွေးသွားရန်၊ မြို့နယ်အလိုက် ဖွင့်လှစ်ထားရှိသော Quarantine Centre များနှင့် ၎င်း Quarantine Centre များတွင် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ တင်ပြဆွေးနွေးရန်၊ လက်ရှိ Positive ရောဂါပိုး တွေ့ရှိလူနာ များအပေါ် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို ဆွေးနွေးတင်ပြသွားရန်၊ မြို့နယ်အလိုက် ကျောင်းများဖွင့်လှစ်ခြင်း၊ ဈေးများ ဖွင့်လှစ်ခြင်းများအပေါ် လိုအပ်သည့် အကြံပြုချက်များ တင်ပြဆွေးနွေးပေးစေ လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
 
ဆက်လက်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာန ဒေါက်တာသောင်းလှိုင်က ကိုဗစ်-၁၉ ရောဂါ Third Wave ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု အများဆုံးဖြစ်သည့် ဂန့်ဂေါမြို့နယ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေး လုပ်ငန်းအခြေ အနေများကို ရှင်းလင်း တင်ပြခဲ့ သည်။
 
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ အထွေထွေဆွေးနွေး တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က မိမိတို့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကြုံတွေ့နေရသော အခက်အခဲများနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
 
မောင်ညီညာ(မကွေး)