ငဖဲ ဇူလိုင် ၃
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အတွင်းရှိ မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၂၉၇၄) ဧကအတွက် စတင် ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယမန်နေ့မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေသောက် ဧရိယာ အတွင်းရှိ မြောင်းလက်တံအလိုက်မိုးစပါးစိုက်ပျိုးရန်လျာထားမှုအနေဖြင့် လက်ဝဲမြောင်းမကြီးရှိ ကျေးရွာ အုပ်စု(၆)အုပ်စု ကွင်းပေါင်း(၁၄)ကွင်းတွင် လျာထားဧက(၁၀၀၃)ဧက၊ လက်ယာမြောင်းမကြီး တစ်လျှောက်ရှိ ကျေးရွာအုပ်စု (၇)အုပ်စု ကွင်းပေါင်း (၁၅)ကွင်း အတွက် လျာထားဧက (၁၉၇၁)ဧက စုစုပေါင်း(၂၉၇၄)ဧက နှင့် ရင်းရှည် တမံဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု (၂)အုပ်စု ကွင်းပေါင်း(၄)ကွင်းရှိ လျာထားဧက (၂၈၅)ဧက စုစုပေါင်း ကျေးရွာအုပ်စု (၁၅)အုပ်စု ကွင်းပေါင်း (၃၃) ကွင်းတွင် မိုးစပါးများ ပျိုးထောင်စိုက်ပျိုးနိုင်ရန် လျာထား ဧက (၃၂၅၉)ဧကလျာထား ထားကြောင်း သိရသည်။
အဆိုပါမန်းချောင်းရေလှောင်တမံ၏ ကန်ရေပြည့်ရေသိုလှောင်ပမာဏမှာ ၁၂၀၀၀၀ ဧကပေဖြစ်ပြီး ယနေ့ လက်ရှိရေသိုလှောင်ပမာဏမှာ ၃သောင်း ၅ထောင် ကျော်ရှိတာဖြစ်တဲ့အတွက် ဆည်ရေပေးဝေနိုင်တဲ့ ဧရိယာမှာ မိုးစပါး ၂၉၇၄ ဧကစိုက်ပျိုးဖို့လျာထားကြောင်း၊ မိုးစပါးစတင်ပျိုးထောင်ရေအတွက် ဇူလိုင်လ ၁ ရက်နေ့ ကစ၍ ဆည်ရေပေးဝေလျက်ရှိကြောင်း၊ ရင်းရှည်ရေလှောင်တမံဆည်ရေသောက်ဧရိယာ အတွင်းမှ မိုးစပါးပျိုးထောင်ရန် အတွက် စိုက်ပျိုးရေကို ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)