ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရွှေတောင်   ဇူလိုင်  ၂

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး နှိုးဆောင်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ မြို့နယ်အတွင်း လိုက်လံ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အသိပညာပေး ကြေညာရာတွင် ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည့် ကိုဗစ်-၁၉ရောဂါ လက္ခဏာခံစားနေရသူများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောပါ၊ နှာချေချောင်းဆိုးသည့်အခါ တိုင်း နှာခေါင်း၊ ပါးစပ်တို့ကို   လုံခြုံအောင်ဖုံးအုပ်ပါ၊ လူထူထပ်သည့် နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သမျှရှောင်ကြဉ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ ဆောင်ရွက်ရန်၊ တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် လိုက်နာဆောင်ရွက်သွားကြရန် နှိုးဆော်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ Hand Speaker နှင့် ကြေညာပေးခြင်း၊ ဆောင်းဘောက်ဖွင့်၍ အသိပညာပေးခြင်း၊ (mask) တပ်ဆင်သွားလာခြင်းမရှိသော ပြည်သူများအား အခမဲ့ဖြန်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။