ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

‌‌ဒေးဒရဲ ဇူလိုင် ၂
 
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန် စွမ်းစေရန်နှင့် ကူးစက်ရောဂါကင်းဝေစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ယမန်နေ့ နံနက်(၈)နာရီက စတင်၍ မြို့နယ်ဆေးရုံးဟောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ် (၃)ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်အလေးချိန်မှတ်တမ်းရယူခြင်း၊ ပုံမှန်ကာကွယ်ဆေးများ ဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ ‌မေးခိုင်၊ အသည်းရောင် အသားဝါဘီပိုး၊ ဦးနှောက်မြှေးရောင် (၅)မျိုးစပ် ဆေးထိုးနှံပေးပြီး ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးကိုပါ တိုက်ကျွေးပေးလျက်ရှိကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ဆုံဆို့နာကာကွယ် ဆေးများ ထိုးပေးလျက်ရှိကြောင်း၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေဒေးသူ