တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တောင်ငူ ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မိုးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာ၌ ​ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထက် ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူများ ပြင်ပသို့ထွက်ခွာသွားလာသည့်အချိန်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန် ပါးစပ်နှင့်နှာခေါင်းစည်း အခုရေ (၅၀၀) အား ဘုရင့်နောင်စျေးရှေ့၌ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့​နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခြားဒေသများမှ တောင်ငူမြို့နယ် အတွင်း ဝင်ရောက်ဖြတ်သန်းသွားလာရာ၌ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေး အတွက် မြို့ဝင် မြို့ထွက်နေရာများ၌ ဖွင့်လှစ်ထားသည့် ကျန်းမာရေး စစ်ဆေးရေးဂိတ်များသို့ သွားရောက်စစ်ဆေးကြည့်ရှု​ကာ ဂိတ်များအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချူပ် ကုသရေး ကော်မတီဝင်များတွင် ပါဝင်သည့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ နှင့် ပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ​ရောဂါကာကွယ်​ရေး လုပ်ငန်းများတွင် ကျန်းမာရေး သတိဖြင့် ပါဝင်ဆောင်ရွက်ကြ​စေလိုကြောင်း ၊ ကိုဗစ်-၁၉ ​ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ၄င်းဂိတ်များအတွင်း တာဝန်ကျဝန်ထမ်းများ၏ လိုအပ်သည့် အထောက်အပံ့များရရှိနိုင်​ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ကာညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့က တောင်ငူမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိနိုင်ရေးအတွက် သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီးအတွင်း ကုသရေး စင်တာအား ဖွင့်လှစ်နိုင်ရန် ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။