Semi Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိသော ပြည်မြို့ သုခါရာမကျောင်းတိုက်ရှိ ကျောင်းနေ သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူတို့အတွက် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် နေထိုင်စားသောက်ရေးများ ဆောင်ရွက်ပေး

ပြည် ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွှေဟင်္သာအရှေ့ပေါက်ရှိ သုခါရာမဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးနေထိုင်သော ခန်းနေဆရာတော်တစ်ပါးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါကျောင်းအား Semi Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိပြီး ကျောင်းနေ သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူတို့အတွက် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် နေထိုင်စားသောက်ရေးတို့ကို တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရောဂါပိုး တွေ့ခန်းနေဆရာတော်သည် ဇူလိုင် ၁ ရက်နေ့က အနံမရရှိသဖြင့် ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ စစ်ဆေးမှုခံယူခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဆရာ‌တော်သီတင်းသုံးနေထိုင်သည့် Semi Lock Down ဧရိယာအဖြစ် သတ်မှတ်ထားသော ပြည်မြို့သုခါရာမကျောင်း တိုက်ရှိ သံဃာတော်(၁၄)ပါး၊ သီလရှင် (၄၇)ပါး၊ ယောဂီ(၂၂)ဦးနှင့် ဝေယျာဝစ္စ(၃၀) ဦးစုစု‌ပေါင်း (၁၁၃) ဦးတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ အာလူးနှင့် ကြက်သွန်နီ (ရက်သတ္တတစ်ပတ်စာ) တို့ကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက ယနေ့နံနက် ပိုင်းတွင် သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

ကိုဆက်