နောင်မွန်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်နှင့် နံရံကပ် ပိုစတာများ ဖြန့်ဝေ

 

နောင်မွန်    သြဂုတ်    ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများသို့ အသိပညာပေးသည့်အနေဖြင့် နောင်မွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ပြည်သူများလက်ဝယ်အရောက် လက်ကမ်းများဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများ ဆောင်ရွက်ခဲ့ သည်။

ဖြန့်ဝေပေးသည့်လက်ကမ်းစာစောင်တွင် “မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်သလား၊ မဲပေးနိုင်ဖို့ အတွက် သင့်နာမည် မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ရမည့် (အဆင့်-၅)ချက်၊ COVID-19 ကြောင့် သင့်ရဲ့မဲပေးပိုင်ခွင့်ကိုမဆုံးရှုံးပါစေနှင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အကြံပြုချက်များကို လိုက်နာပါ၊ သင်နှင့်အခြားသူများရဲ့ ကျန်းမာရေးကို ရှေးရှုလျက် လုံခြုံစွာ နေထိုင်ပြီး သင့်နာမည်ပါ/မပါ သွားရောက်စစ်ဆေးပါ” စသည့်အကြောင်းအရာများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၏ မဲဆန္ဒရှင်များ အားလုံးထံသို့ တိုက်တွန်း အမှာစကားများ ပါရှိသည့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်ပါ အကြောင်းအရာနှင့် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများပါရှိသည့် နံရံကပ်စာစောင်များ လိုက်လံကပ်ပေးခဲ့သည်။

ထို့အပြင် ဂတ်ထုကျေးရွာအုပ်စု၊ ရပ်ဘော့ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာအုပ်စုများထံ ဖြန့်ဝေပေးနိုင်ရေးအတွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများထံသို့လည်း လက်ကမ်းနှင့် ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)