ထီးချိုင့် ဇူလိုင် ၂
စစ်ကိုင်တိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိထားသူများအတွက် လိုအပ်သော ကျန်းမာရေး ဆေးကုသမှုများ၊ နေရပ်ပြန်လာသူများရှိပါက စနစ်တကျ ထားရှိနိုင်ရေးအတွက် Home Quarantine နှင့် Facility Quarantine Centre များ ကြိုတင် စီစဉ်ထားရှိရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်သွားရမည် ဖြစ်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာ၀န် ဒေါက်တာစိုးလင်း က ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူများကို စနစ်တကျ ဆေးကုသမည့် လုပ်ငန်းများ၊ အခြားသော Stay at Home မြို့နယ်များမှ နေရပ်ပြန်လာသူများ ရှိပါက Quarantine Centre များတွင် စနစ်တကျထားရှိနိုင်ရေး လိုအပ်ချက်အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း
သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)