အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

အုတ်ဖို ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသခံပြည်သူများအား ရောဂါပိုးကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် မြို့နယ်တာဝန်ရှိသူများ အနေဖြင့် ဝန်ထမ်းများအား အလှည့်ကျတာဝန် ပေးအပ်ကာ Mask စနစ်တကျ တပ်ဆင်၍ သွားလာကြစေရန် နေ့စဉ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများတွင် ဗွီနိုင်းပိုစတာများ ကပ်ထားကြေငြာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ အား မြို့နယ်ပြည်သူဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိပြီး ထိစပ်သူများအား သီတဂူ စက္ခုဒါနဆေးရုံတွင် စနစ်တကျ ကန့်သတ်ထားရှိကြောင်းနှင့် ကန့်သတ်ထားရှိရန် လူဦးရေများလာပါက မြို့နယ်အားကစား ခန်းမတွင် အမျိုးသားများအား သီးသန့်ခွဲ၍ ကန့်သတ်ထားရှိသွားမည်ဖြစ်ကြောင်း သိရ သည်။

အုတ်ဖိုမြို့နယ်တွင် ယနေ့အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၁၁)ဦးရှိပြီး ၄င်းတို့နှင့် ထိစပ်သူ အမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး (၁၇)ဦး စုစုပေါင်း(၂၉)အား သီတဂူစက္ခုဒါနဆေးရုံတွင် ကန့်သတ်ထားရှိ ကြောင်း သိရသည်။

အောင်သူ