ဝေါမြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးခြင်းဆောင်ရွက်

ဝေါ ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီက မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ဝေါမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ   မိခင်နှင့်ကလေး ကျန်းမာရေးဆရာမ ဒေါ်တင်ဇာနွယ် သားဖွား၊ ဒေါ်ယုဇနရွှေ သားဖွားနှင့် ဆရာမများက မြို့ပေါ် ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေး ခြင်း၊ ဝက်သက်-ဂျိုက်သိုး ရောဂါ၊ ဂျပန် ဦးနှောက် ရောင် ရောဂါ၊ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက် အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းကို လစဉ် (၁)ရက်နေ့မှ (၂)ရက်နေ့အထိ မြို့နယ် အတွင်းရှိ ကျန်းမာရေးဌာန ဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်မြတ်လင်း