ကော့သောင်း ၊ ဇူလိုင် ၂
ကူးစက်မှုပြန်လည်ဖြစ်ပေါ်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုအပြင် ပြည်ပမှကူးစက်မှုများ မဖြစ်ပေါ်လာစေရေး ယမန်နေ့ညနေပိုင်းက တာဝန်ပြီးဆုံး၍ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာငါးဖမ်းသင်္ဘောလုပ်သား ၅၂ ဦးအား ကော့သောင်းမြို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိကြောင်း သိရသည်။
အဆိုပါ ငါးဖမ်းသင်္ဘောလုပ်သားများမှာ ထိုင်ဝမ်နိုင်ငံပိုင် HAN RONG 368 ငါးဖမ်းသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး တာဝန်များပြီးဆုံး၍ Sign off ထွက်လာကာ တရုတ်နိုင်ငံမှတဆင့် ရေလမ်းခရီးဖြင့် ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသည့် ငါးဖမ်းသင်္ဘောလုပ်သားများအား ကော့သောင်းမြို့ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ ကိုဗစ်-၁၉ရောဂါ ပြည်ပမှ တဆင့် ဝင်ရောက်ကူးစက်မှု မဖြစ်ပေါ်စေရေး ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိစောင့်ကြည့်မှု ခံယူကြမည်ဖြစ်သည်။
ကော့သောင်းမြို့အနေဖြင့် ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ရောဂါပိုးရှိသူများအား နေ့စဉ်နီးပါး စစ်ဆေးပေါ်ပေါက်လျက်ရှိပြီး ယခင်ကာလများက ပြည်ပမှ ဝင်ရောက်လာသည့် မြန်မာသင်္ဘောသားများထံမှလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ပေါ်ပေါက်ခဲ့ဖူးသဖြင့် ပြည်ပကူးစက်မှုများ ထပ်မံမပေါ်ပေါက်စေရန် ကျန်းမာရေးဌာနအပါအဝင် ဒေသတာဝန်ရှိအဖွဲ့အစည်းများက ရောဂါထိန်းချုပ်ရေး အထူးသတိပြုကြပ်မတ် စစ်ဆေးစောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး