ဇီးကုန်းမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အခြားစားဖွယ် သောက်ဖွယ် ရောင်းချဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

 

ဇီးကုန်း ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးအတွက် လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အခြားစားဖွယ် သောက်ဖွယ် ရောင်းချဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဇွန်လ ၂၉ ရက်မှ စတင် ညွှန်ကြားခဲ့ရာ ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိမရှိကို တာဝန်ရှိသူများမှ ယနေ့နံနက် ၉ နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမျိုးဇင်ဝင်း ခေါင်းဆောင်၍ စည်ပင်သာယာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စည်ပင်သာယာ နယ်နိမိတ်အတွင်း ရောင်းချနေသော လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အခြားစားဖွယ် သောက်ဖွယ် ရောင်းချနေသော ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချမှုရှိ/မရှိကို စစ်ဆေးခဲ့ပြီး၊ ဆိုင်အဝင်ပေါက်တွင် “ပါဆယ်စနစ်ဖြင့်သာ ရောင်းချမည်” အသိပေးဆိုင်းဘုတ်ချိတ်ဆွဲရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သော အသိပညာပေးပိုစတာများ ချိတ်ဆွဲရန်၊ ဆိုင်ရှိဝန်ထမ်းအားလုံး နှာခေါင်းစည်းနှင့် လက်အိပ်များဝတ်ဆင်စေခြင်းနှင့် လုပ်ငန်းဆောင်ရွက် နေစဉ် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းစသည့် လက္ခဏာများ ခံစားရပါက အလုပ်မှချက်ခြင်းအနားပေး၍ နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပို့၍ ဆေးကုသမှု ခံယူရန် စသည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများနှင့် mask campaign ပြုလုပ်ခြင်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ