ကျောင်းကုန်း ဇူလိုင် ၂
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းအုပ်စု၊ သရက်တောကျေးရွာ တောင်သူ ဦးထွန်းထွန်းဦး၏ ကွင်းအမှတ်(၃၆၂)၊ ဦးပိုင်အမှတ်(၁၉/၂)၊ လယ်မြေဧက (၂၀)တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်ပင်)များအား ထွန်စက်ဖြင့် မောင်းနှင် ထည့်သွင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်ပင်)ထည့်သွင်းပေးခြင်းဖြင့် ဓာတ်မြေဩဇာ များ အသုံးပြုမှုကို လျော့နည်းစေခြင်း၊ ဓာတ်မြေဩဇာများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေကြောင်း သိရသည်။
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်ပင်)တွင် အပင်အတွက် အာဟာရဓာတ်များဖြစ်သော နိုက်ထရိုဂျင်(၂.၇၇%)၊ ပိုတက်ဆီယံ(၂.၁၄%)နှင့် ဖော့စဖိတ်(၀.၃၄%) ပါဝင်သဖြင့် သစ်စိမ်းမြေဩဇာများ ထည့်သွင်းပေးခြင်းကြောင့် အဆိုပါအာရဓာတ်များ မြေဆီလွှာတွင် ရရှိစေသည့်အပြင် စပါးအပြီး မတ်ပဲသီးနှံများတွင်လည်း ပေါင်းမြက် ပေါက်ရောက်မှု သက်သာခြင်း၊ ပင်သေပင်ပျောက်များ ကျရောက်မှုမရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးထင်ကျော်ဦးက ပြောသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးမှူး၊ ငါးလုပ်ငန်းဦးစီးမှူး၊ လယ်စီစာရင်းအင်းဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူး၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)