မင်းဘူး ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ သုံးသောင်းကျပ်ကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ် လျှက်ရှိရာ ယခုအခါ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇွန်၊ ဖေဖော်ဝါရီ၊ မတ်) လများ အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တစ်ဦးလျှင် သုံးသောင်း ကျပ်နှုန်းဖြင့် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၈၄)ဦးရှိပြီး တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၉,၅၂၀,၀၀၀) ကျပ်တိတိကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မောင်မောင် (မင်းဘူး)