ဒိုက်ဦး ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလှုံ့ဆော်မှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှ စတင်၍ လူစည်ကားရာ စည်ကားရာ စျေးရှေ့၊ ဘူတာရုံရှေ့၊ ကားဂိတ်များနှင့် မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်အတွင်းရှိ လမ်းမများ၌ ပြုလုပ်ခဲ့ သည်။
အဆိုပါလှုံ့ဆော်ရာတွင် ယခုအခါ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းတွင် ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူပေါင်း (၅၆)ဦး ရှိပြီး ၂ဦးသေဆုံးသွားပြီဖြစ်သည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များဖြစ်သော ပြည်သူလူထု အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးချက်များ၊ ဒိုက်ဦးမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အညီ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်နှင့် ညနေ(၆)နာရီ ဆိုင်ပိတ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် အကြောင်းကြားချက်များအား လှုံ့ဆော်ခဲ့သည်။