သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ကျောင်းသားသစ်ကြိုဆိုပွဲနှင့် စာသင်နှစ်ဖွင့်ပွဲကျင်းပ

ကျွန်းလှ ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊‌ ကျောင်းသားသစ်ကြိုဆိုပွဲနှင့် စာသင်နှစ်ဖွင့်ပွဲကို ယနေ့ နံနက်(၇)နာရီခွဲ အချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စာ သင်စာချကျောင်း ဆောင်သစ်ရှေ့၌ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားကို‌ နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး မော်ကွန်းထိန်းဆရာတော် အရှင်ပညာဓိကမှ ကျောင်းသားသစ်စာရင်းနှင့် ပါမောက္ခကထိကများ မိတ်ဆက်ခြင်းကို လည်းကောင်း၊ ပါမောက္ခဆရာတော် ဒေါက်တာအရှင်သောဘိတ က Fresher Welcome Speech မိန့်ကြားခြင်း ဆောင်ရွက်ပြီး သီတဂူအဓိဌာန်ဖြင့် အခမ်းအနား ရုပ်သိမ်းကြောင်း သိရသည်။

ထို့‌နောက် ဆရာ‌တော်သံဃာတော်များနှင့် ဖိတ်ကြားသူများက သီတဂူဗုဒ္ဓတက္ကသိုလ် စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ စာသင်ကြားနေခြင်းတို့ကို လှည့်လည်ကြည့်ရှုကြပြီး ဩဝါဒ စကားမိန့်ကြား ခဲ့ကြောင်းသိရသည်။

ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကစ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း၊ ယခု၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဘီအေတန်း၊ ဒီပလိုမာတန်းနှင့် ပရိယတ္တိဒီပလို မာတန်း၊ စုစုပေါင်း(၁၃၈)ပါး တက်ရောက်ကြမည်ဖြစ်ကြောင်း သီတဂူသတင်းနှင့် ပြန်ကြားရေး အဖွဲ့ မှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)