မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၈၇)ဦး ထပ်မံတွေ့ရှိပြီး အတည်ပြု လူနာပေါင်းက(၃၇၉)ထိရှိလာ

 

မကွေး ဇူလိုင် ၁

 

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တတိယလှိုင်းအဖြစ် ကူးစက်မှုများ ရှိနေပြီး ဇူလိုင်လ ၁ ရက် ယနေ့ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန် ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၈၇)ဦး ထပ်တိုးတွေ့ရှိကာ တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်(၃၇၉)ဦး အထိရှိလာကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့ထိစပ်တွေကနေ ကိုဗစ်ပိုးတွေ့ရှိမှုက ပိုမိုများလာတာပါ၊ ဒီနေ့တွေ့ ရှိခဲ့တဲ့ လူနာတွေက (RDT) Test Kits စစ်ဆေးမှုများအရ ပိုးတွေ့အတည်ပြုလူနာသစ် (၈၇)ဦး ထပ်တိုး တွေ့ရှိခဲ့တာပါ၊ အသစ်ထပ်မံ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြုလူနာတွေက မင်းတုန်းက (၂၁)ဦး၊ မြိုင်က(၂၀)ဦး၊ မကွေးက(၁၀)ဦး၊ မင်းဘူးနဲ့ ပေါက်က(၇)ဦးစီ၊ ထီးလင်းက(၆)ဦး၊ မြို့သစ်နဲ့ တောင်တွင်းကြီးက(၄)ဦးစီ၊ ပွင့်ဖြူ(၃)ဦး၊ဆော(၂)ဦးနဲ့ နတ်မောက်၊ သရက်နဲ့မင်းလှက(၁)ဦးစီတို့ဖြစ် ပါတယ၊် ပိုးတွေလူနာတွေထဲမှာ အနံ့ပျောက်လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့ မှုရှိသူတွေ၊ စောင့်ကြည့်လူနာတွေနဲ့ ပါဝင်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ တတိယလှိုင်း ကူးစက် မှုအဖြစ် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာပေါင်းက(၃၇၉)ဦး ထိရှိလာပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိအခြေအနေမှာ ပိုးတွေအတည်ပြုလူနာပေါင်း(၃၇၉)ဦး ရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ(၆၄)ဦး၊ သေဆုံးသူက(၄)ဦးရှိကြောင်း နှင့် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူနေသူ(၃၁၁)ဦး ရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။

 

တိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P contact)များမှ ပိုးတွေ့ လူနာများ နေ့စဉ်ထပ်တိုး တွေ့ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ပြုမှု နေထိုင်ကြဖို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ စသည့် အသိပညာပေး တိုက်တွန်းနှိုးဆော်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

မောင်ညီညာ(မကွေး)