ပခုက္ကူ ဇူလိုင် ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့် မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှဌေးမြင့်တို့က သင်တန်းတက်ရောက်သူများ ရရှိမည့် အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်းပြောကြား ကြသည်။
ထို့နောက် ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက “ နည်းပညာနှင့်အတတ်ပညာ သင်တန်းများဖွင့်လှစ် သင်ကြားပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာ စေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစု ဝင်ငွေတိုးပွားလာစေရေန်” ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းတို့ဖြင့် ရှင်းလင်း ပြောကြားပြီး သင်တန်းသူများထံ အပ်ချည်လုံး၊ ပေကြိုး၊ ကတ်ကြေး၊ ကော်ထုပ်၊ပေတံ နှိပ်စေ့ စသည့် သင်တန်း သုံးအထောက် အကူပစ္စည်းများကို ပေးအပ်သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ ၃၀ ဦးတက်ရောက်မည်ဖြစ်ပြီး မြိုင်မြို့မှ စက်ချုပ်သင်တန်းနည်းပြ ဒေါ်တင်တင်ညိုက ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁ရက်မှ ၃၁ရက်နေ့အထိ သင်တန်းကာလ တစ်လကြာ စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆလိုင်းကိုကီး