ပုလဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းပြုလုပ် 

ပုလဲ ဇူလိုင် ၁ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး

ဌာန၊   မြို့နယ်ပြည်သူ့စာကြည့်တိုက်၌  ယမန်နေ့ နေ့လယ် ၃ နာရီက  မြို့နယ်ရုံး ဝန်ထမ်းများ၏ စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး   ဦးမြင့်သိန်းစိုးက စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခြင်းဖြင့် ဝန်ထမ်းတစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား မျှဝေ အသုံးချတတ်စေရန်၊ စာပေမှရရှိသော  အသိအမြင်  ဗဟုသုတများဖြင့်  မိမိတို့ဘဝ တိုးတက် အောင်မြင်စေရန်နှင့်ပတ်ဝန်းကျင်ကို အကျိုးပြုစေရန်တို့ကို  ရည်ရွယ်ပြီး   စာဖတ်ဝိုင်းဆွေးနွေးပွဲကို အပတ်စဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ဦးခင်မော်(လုပ်သားရုပ်သံ)က ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသော  စာရေးဆရာ  ပီမိုးနင်း၏ “ဆင်းရဲစိတ်ကို ဖျောက် တန်ခိုးကြီးသော အတွင်းစိတ်ကို ပြုပြင်ပါ”  ဆောင်းပါးကို လည်းကောင်း၊  ဒေါ်မြကြွယ်ဝင်း (စာကြည့်တိုက်လက်ထောက် - ၃ ) က ၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်တွင် ဖော်ပြပါရှိသော စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ၏ “ အချောင်မလိုက်လေနဲ့ မကြိုက်လေနဲ့” ဆောင်းပါးကို လည်းကောင်း ဆွေးနွေးခဲ့သည်။ 

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  အဆိုပါ ဆောင်းပါးများနှင့် ပတ်သက်၍ သူ့အမြင် ကိုယ့်အမြင်များကို  ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ ကြောင်း သိရသည်။ 

မင်းခန့်စိုး(ဇေယျာမြေ)