ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပွင့်ဖြူ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူများ ကြိုတင် ကာကွယ်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိထားသူများအတွက် လိုအပ်သော ကျန်းမာရေး ဆေးကုသမှုများ ၊ နေရပ်ပြန်လာသူများရှိပါက စနစ်တကျ ထားရှိနိုင်ရေးအတွက် Home Quarantine နှင့် Facility Quarantine Centre များ ကြိုတင် စီစဉ်ထားရှိရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်သွားရမည်ဖြစ်၍ တက်ရောက် လာသည့် ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများ ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ပြောကြားသည်။
 ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် က  ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆောင်ရွက် မည့် အစီအစဉ်များနှင့် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူများကို စနစ်တကျ ဆေးကုသမည့်လုပ်ငန်းများ ၊ အခြားသော Stay at Home မြို့နယ်များမှ နေရပ်ပြန်လာသူများရှိပါက Quarantine Centre များတွင် စနစ်တကျ ထားရှိနိုင်ရေး လိုအပ်ချက်အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
 ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရန်လုပ်ငန်း အစီအစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။   

ရဲဝင်းနိုင် ( ညောင်ဦး)