ရွှေဘို ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ဧက ၄ သိန်း ၈ သောင်းအတွက် သဖန်းဆိပ်ဆည် ရေလှောင်တမံမှ ပျိုးထောင်ရေနှင့် မြေပြင်ရေများကို ယနေ့တွင် စတင်ပေးဝေလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသဖန်းဆိပ်ရေလှောင်တမံ၏ ကန်ရေပြည့် ရေလှောင်ပမာဏမှာ (၂၇) သိန်းကျော် ဧကပေ ဖြစ်ပြီး ယနေ့လက်ရှိ တိုင်းတာချက်အရ သဖန်းဆိပ်ရေလှောင်တမံ၏ ရေသိုလှောင်ပမာဏမှာ ၈ သိန်း ၉ သောင်းကျော်ရှိကြောင်း သိရသည်။
သဖန်းဆိပ်ဆည် ရေလှောင်တမံ၏ ရေသိုလှောင်မှုအခြေအနေအရ ယခုနှစ်မိုးစပါးရာသီတွင် ကန့်ဘလူမြို့နယ်၌ စိုက်ဧက (၃၄၇၂၇)၊ ခင်ဦးမြို့နယ်၌ စိုက်ဧက (၅၅၂၃၉)၊ ရွှေဘိုမြို့နယ်၌ စိုက်ဧက (၈၃၀၀၉)၊ ဝက်လက်မြို့နယ်၌ စိုက်ဧက(၉၅၀၂၅)၊ ရေဦးမြို့နယ်၌ စိုက်ဧက (၆၁၉၀၀)၊ ဒီပဲယင်းမြို့နယ်၌ စိုက်ဧက (၉၆၅၀၀)၊ တန့်ဆည်မြို့နယ်၌ စိုက်ဧက(၄၂၅၀၀)၊ စစ်ကိုင်းမြို့နယ်၌ စိုက်ဧက (၂၀၀၀)၊ အရာတော်မြို့နယ်၌ စိုက်ဧက(၈၈၀၀) နှင့် ဘုတလင် မြို့နယ်၌ စိုက်ဧက(၅၀၀)စုစုပေါင်း စိုက်ဧက (၄၈၀၀၀၀) တို့ကို ဆည်ရေဖြင့် လျာထား စိုက်ပျိုး သွားမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ ပြောကြားသည်။
အဆိုပါ သဖန်းဆိပ်ရေလှောင်တမံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေအများဆုံး တည်ရှိသော မူးမြစ်ဝှမ်းဒေသအတွင်းရှိ ကန့်ဘလူမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ရေဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် များတွင်တည်ရှိသော စိုက်ပျိုးမြေများကို ဆည်ရေပေး ဝေပြီး စိုက်ပျိုးစွမ်းအား တိုးတက်စေရန်နှင့် ဒေသတွင်း သောက်သုံးရေဖူလုံစေရန်ရည်ရွယ်၍ ကျွန်းလှမြို့နယ် သဖန်းဆိပ်ကျေးရွာအနီး မူးမြစ်ပေါ်တွင် ရေလှောင်တမံ တည်ဆောက်ထား ရှိကာ ဆည်ရေသိုလှောင်၍ ကင်းတပ်ရေလွှဲတမံသို့ မူးမြစ်ရိုးအတိုင်းရေလွှတ်ပေးခြင်း၊ ကာဘိုးရေလွှဲဆည်သို့လည်း မူးမြစ်ရိုးအတိုင်း ရေလွှတ်ပေးခြင်းဖြင့် တစ်နှစ်လျှင် ပျမ်းမျှစပါးနှင့် အခြားသီးနှံ စိုက်ဧက (၈)သိန်းခန့်ကို စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
ခရိုင်ပြန်/ဆက်