ညောင်လေးပင် ဇူလိုင် ၁
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့် အဓိက သတင်း စကား ၁၂ ချက်ပါ မြေစိုက်ပိုစတာကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့မစျေးကြီးရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သော အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(mask)၊ Face Shield တို့ကို စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ရန်၊ လက်ကို စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့် ခွဲခြားနေထိုင်စေခြင်း(Quarantine)လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ပေးရန်၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် အမြန်ဆုံး ကုသမှုခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ ဖတ်ရှုလေ့လာပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာလာစေရန်အတွက် စိုက်ထူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ တက်ရောက်စိုက်ထူပေးခဲ့ ကြောင်း သိရသည်။