ဇီးကုန်းမြို့နယ်တွင် လက်ဘက်ရည်ဆိုင်၊ စာသောက်ဆိုင်နှင့် အခြားစားဖွယ်သောက်ဖွယ် ရောင်းချဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချ ရန်ညွှန်ကြား

ဇီးကုန်း ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် လက်ဘက်ရည်ဆိုင်၊ စာသောက်ဆိုင်နှင့် အခြားစားဖွယ် သောက်ဖွယ် ရောင်းချဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် အခြားမြို့နယ်များတွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိသောကြောင့် ဇီးကုန်းမြို့နယ်အတွင်း ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လက်ဘက်ရည်ဆိုင်၊ စာသောက်ဆိုင်၊ အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်နှင့် အခြားစားဖွယ် သောက်ဖွယ် ရောင်းချဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးကြေငြာ ထားရှိကြောင်းနှင့် လိုက်နာမှုမရှိဘဲ စစ်ဆေးတွေ့ရှိပါက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဥပဒေ ညွှန်ကြားချက်နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှု တားဆီးကာကွယ်ရေး အတွက် ဈေးအတွင်း/အပြင်နှင့် လမ်းဆုံမီးပွိုင့်နေရာများတွင် လူထု လှုပ်ရှားမှုအသွင်ဖြင့်  Mask Campaign များ ပြုလုပ်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြောကြားခြင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြေငြာချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ