ပြည် ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ရတနာရွှေပြည် ခရိုင်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၂၁ ခုနှစ် ပြည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရွှေတောင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်း သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်မြမြခိုင်က သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူ များက သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ပြီး ပြည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးသန်းဇော်ဝင်း က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မြန်မာ့သိုင်းသရုပ်ပြခြင်းနှင့် ဗန်ဒိုတိုက်နည်းစနစ်ဖြင့် သရုပ်ပြပေးခြင်းများ ပြုလုပ်ပြသပြီး သင်တန်းသား/သင်တန်းသူ လက်ရည်စစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြခိုင် က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်း သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၅၀)ဦးကို ဇွန် ၃ ရက်မှ ၃၀ ရက်နေ့အထိ ၂၇ ရက် ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ကိုမင်း