ပုသိမ်မြို့နယ် ကျေးလက်ဦးစီးဌာနမှ ငွေလုံးငွေရင်း (မူလနှင့်မွမ်းမံ) ရန်ပုံငွေများဖြင့် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပုသိမ် ဇွန် ၃၀

ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေများဖြင့် ဆောင်ရွက်ဆဲ လုပ်ငန်းများပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပုသိမ်ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပုသိမ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် တေဇာဖြိုး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ခြေထောက်ရှည်ကျေးရွာ တွင်းနက် တူးဖော်ခြင်း၊ ရွာသစ်ကုန်းကျေးရွာ တွင်းနက်တူးဖော်ခြင်း၊ ကျွဲချောင်း ကျေးရွာ မြေသားရေကန်တူးဖော် ဆောင်ရွက်ခြင်းနှင့် ငွေလုံးငွေရင်း (မွမ်းမံ) ရန်ပုံငွေဖြင့် ပုသိမ်ရွှေသစ်ဆိမ့် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော သရက်ချိုကုန်းကျေးရွာ မြေသားရေကန် အနက်နှိုက်ခြင်းစသော ကျေးလက် ရေရရှိရေး လုပ်ငန်းများနှင့် ခြေထောက်ရှည်ကျေးရွာ မြစိမ်းရောင် ကျေးရွာစီမံကိန်း လည်ပတ် ဆောင်ရွက်ချက်များ၊ လေးမျက်နှာကျေးရွာ မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်ဆဲ ဖြစ်သော ကျေးရွာ မီးလင်းရေး လုပ်ငန်းများကို ပုသိမ်ခရိုင်ဦးစီးမှူး ဦးကျော်ကျော်အောင်နှင့် မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်တို့မှ ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်