ပြည်နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ    ဇွန်   ၃၀

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ပြည်နယ်အဆင့် ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက မိမိတို့နိုင်ငံတွင် မျိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအပြင် ကုသရေးလုပ်ငန်းများကိုပါ အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် လိုအပ် သကဲ့သို့ ကူးစက်ပြန့်ပွားမှုနည်းအောင် ဆောင်ရွက်ဖို့ လည်းလိုကြောင်း၊ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များအနေဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားဖို့ အထူးလို မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်သွားဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် စာသင်ကျောင်းများ၊ ရုံးဌာနများ၊ စားသောက်ဆိုင်များ၊ အများသုံးယာဉ်များ၊ အဝေးပြေး ယာဉ်၊ ရေယာဉ်များ၊ ဝန်ထမ်းကြိုပို့ယာဉ်များတွင် တစ်ခုံခြားထိုင်ခြင်း၊  Mask တပ်ဆင်ခြင်း အစရှိသည့် ကာကွယ်ရေးနည်းလမ်းများကို မဖြစ်မနေလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အများပြည်သူ ဆိုင်ရာ နေရာများဖြစ်သည့် ဈေးများ၊ ဘဏ်များ၊  ATM စက်များ၊  ဘာသာရေးကျောင်းများ၊ ဘော်ဒါဆောင်များ၊ သင်တန်းများ၊ အကျဉ်းထောင်များ၊ ဘိုးဘွားရိပ်သာများကို အထူးဂရုပြုပြီး ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ လူ(၅၀)ဦးထက် ပို၍ စုဝေးခြင်းကို တားမြစ်ဆောင်ရွက်ရန်နှင့် အထူးကိစ္စရပ် ဖြစ်မှသာ ခွင့်ပြုချက်ရယူဆောင်ရွက်သွားဖို့ မှာကြားလိုကြောင်း၊ ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး စစ်ဆေးပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားဖို့လိုကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထပ်မံရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဇွန်လ ၂၉ ရက်နေ့ထိ ရောဂါပိုးတွေ့ရှိ၍ ဆေးရုံတက်ရောက်ခဲ့သည့် အတည်ပြုလူနာ ၂၃၃၄ ဦး ရှိခဲ့ပြီး ၂၂၁၂ ဦး မှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ရာ လက်ရှိဆေးရုံအသီးသီးတွင် ၁၂၂ ဦး အထူးကြပ်မတ် ကုသမှုခံယူ လျက်ရှိကြောင်း၊ မြဝတီမြို့တွင် အများဆုံးဖြစ်ပြီး ၆၅ ဦးရှိကာ ဘားအံမြို့တွင် ၂၉ ဦး၊ ကော့ကရိတ်တွင် ၂၀ ဦးနှင့် လှိုင်းဘွဲမြို့တွင် ၇ ဦးကုသမှုခံယူလျက်ရှိကြောင်း၊ ပြည်နယ်၏ ဝင်/ထွက်ပေါက်များတွင် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့လိုကြောင်း၊ Stay at Home မြို့များမှ လာရောက်သူများကို Ouarantine ထားရှိဖို့လိုအပ်မည်ဖြစ်ကြောင်း၊  အရေးပေါ်ဖြစ်လာပါက ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားဖို့လိုကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် အလေးအနက်ထား၍ ပူးပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးကျော်စိုးက ရက်အနည်းငယ် အတွင်း အတည်ပြု လူနာဦးရေ တစ်ရာကျော်ခန့် တိုးပွားလာသည့်အခြေအနေ၊ လူစည်ကားရာနေရာ များတွင် နှာခေါင်းစည်း Mask တပ်ဆင်မှု အခြေအနေ၊ ခရိုင်၊မြို့နယ်အလိုက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်ရန်နှင့် ပြင်ဆင်ဆောင်ရွက်သင့်သည်များအား ကြပ်ကြပ် မတ်မတ်ကြိုတင်စီမံဆောင်ရွက်ထားကြရန် တိုက်တွန်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးစိုးလွင်က အသိပညာပေး လုပ်ငန်း ဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်၊ ဘားအံမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ခင်မိုးအေးတို့က ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖါပွန် ခရိုင်အုပ်ချုပ်ရေးမှူးများက ဒေသတွင်း ကိုဗစ် -၁၉ ဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ကြိုတင်ပြင်ဆင်စီမံထားမှုတို့အား ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)