လက်ပံတန်း ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် အသိပေးလှည့်လည် ကြေညာခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ လိုက်လံဆောင်ရွက်ပေးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်ဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို လက်ပံတန်းမြို့မစျေးအဝိုင်း၊ ပြည်သူ့ပန်းခြံနှင့် မြို့အဝင် စစ်ဆေးရေးဂိတ်တို့တွင် စိုက်ထူပေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်ကြေညာပေးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းနှင့် သေဆုံးမှု မြင့်တတ်လာနေသည့်အတွက် ပြည်သူများအနေဖြင့် Stay at Home စည်းကမ်းချက်များကို အထူးအလေးထား လိုက်နာစေလိုကြောင်းနှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရပါက နှာခေါင်းစည်း mask ကို စနစ်တကျ တပ်ဆင်ပြီး မကြာခဏ လက်ဆေးရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။