အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ပုသိမ် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အစိုးရနည်းပညာ အထက်တန်းကျောင်း မြက်တိုရပ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြခံလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပရာ အခမ်းအနားသို့ ပုသိမ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ပုသိမ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းမှ သင်တန်း ဖွင့်လှစ်ခြင်းနှင့် တတ်မြောက် အောင်မြင်မှုများကို အခြခံကာ ဆက်လက်လုပ်ဆောင် သွားရမည့် လုပ်ငန်းများ နှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။

"အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းကို ၄ နေရာဖွင့်လှစ်ရန် လျှာထားခဲ့ပြီး ယခုသင်တန်းနှင့်ဆိုလျှင် ၃ ခုမြောက် ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ ပို့ချသည့်သင်ခန်းစာများကို စနစ်တကျ သင်ယူမှတ်သားထားပြီးဖြစ်လို့ မိမိတို့တတ်ကျွမ်းသည့် ပညာရပ်ဖြင့် အကျိုးရှိစွာအသုံးချပြီး မိသားစုဝင်ငွေ တိုးပွားအောင် ဆောင်ရွက်သွားကြစေလိုကြောင်း" ပြောကြားသည်။

ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်မှ ကျေးရွာတွင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်သွားနိုင်ရေး ပြောကြားသည်။ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးတို့က "ယခုကဲ့သို့ဖွင့်လှစ်သည့် သင်တန်းအပြင် အခြားသော နည်းပညာသင်တန်းများ ဖွင့်လှစ်သွားရန် အစီအစဉ်များရှိကြောင်း၊ သို့ဖြစ်ရာ ယခုကာလသည် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားနေချိန်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွန်ကြားချက် စည်းမျဉ်းစည်းကမ်းများဖြင့် ဆောင်ရွက်သွားကြရေးနှင့် အခြားသော နည်းပညာသင်တန်းများ ဆက်လက်ဖွင့်လှစ်မည်ဆိုပါက လျှောက်လွှာများဖြင့် လျှောက်ထားနိုင်ကြောင်း"ပြောကြားခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် သင်တန်းဆင်း လက်မှတ်များကို ပုသိမ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ခဲ့ကြပြီး သင်တန်းပို့ချသည့် ဆရာများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ကာ သင်တန်း ကာလမှာ ၂၁-၆-၂၀၂၁ မှ ၃၀-၆-၂၀၂၁ ထိ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

မြင့်ဟန်