နတ်တလင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းရပ်များ ဆွေးနွေး

နတ်တလင်း  ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဆောင်ရွက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မဖြစ်စေရေးနှင့် ထိန်းချုပ်ရေးတို့အတွက် မိမိတို့ကျေးရွာများတွင် ကျေးရွာရပ်မိရပ်ဖများနှင့် ဆွေးနွေးညှိနှိုင်း၍ ဆောင်ရွက်ကြပါရန်နှင့် ရောဂါဖြစ်ပွားသည့် အရပ်ဒေသမှ လူများမဝင်ရောက်ရေးနှင့် မိမိတို့ရပ်ရွာဒေသ လုံခြုံရေးတို့ အတွက် အဝင်အထွက် စိစစ်ကြပ်မတ်ပါရန် ပြောကြားသည်။ ဆက်လက်၍ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်ထားမှုများ ဆောင်ရွက်လုပ်ကိုင်မည့် အစီအစဉ်များကို တင်ပြရာ လိုအပ်သည်များကို ပြန်လည်ညှိနှိုင်းပေးသည်။

နတ်တလင်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၈၄)အုပ်စုရှိရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် မြို့နယ် အရှေ့ဘက်ခြမ်းမှ ကျေးရွာအုပ်စု စီမံအုပ်ချုပ်​ရေးကောင်စီဥက္ကဋ္ဌများအား နံနက် ၉နာရီတွင် လည်းကောင်း၊ အနောက်ဖက်ခြမ်းမှ ဥက္ကဋ္ဌများအား နေ့လယ် ၁၁နာရီတွင် ၎င်းနှစ်စုခွဲ၍ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

ထားထားဦး