မိုးညို ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တရားရုံးမှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ခြင်းကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်တရားရုံးတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မိုးညိုမြို့နယ် တရားသူကြီးဦးနန်းဝင်းက အမှုများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်နိုင်ဖို့ အတွက် ဆောင်ရွက်နိုင်ရေး၊ အမှုသည်များ မိမိရဲ့အမှုနဲ့ပတ်သက်ပြီး အချိန်ကာလကို သိရှိနိုင်ရေး၊ အချိန်ကာလ ကို ကြိုတင်သိရှိပြီးနောက် သက်သေများနှင့် အမှုသည်များ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နိုင်ရေး၊ အမှုသည်များအား ရုံးချိန်းကြိုတင်အကြောင်းကြားထားသည့်အတွက် အမှုကြန့်ကြာခြင်းကို လျော့ကျစေခြင်း စသည်တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော မြို့နယ်ရဲတပ်ဖွဲ့၊ ဥပဒေပညာရှင်များ၊ ရှေ့နေအဖွဲ့အစည်းများက သိလိုသည်များကို မေးမြန်းရာ မြို့နယ်တရားသူကြီးမှ ပြန်လည်ဖြေကြားဆွေးနွေးကာ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာ ဖြေရှင်းနိုင်ရန်၊ မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည့်မှုခင်းများ လျော့ချရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်စိတ်ချမှု မြှင့်တင်ရန်ဖြစ်ကြောင်း မြို့နယ်တရားရုံး မှသိရသည်။
ကိုမင်း