ဆော ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင် ကာကွယ်စေရန်အတွက် ပြည်သူများအပြင်ထွက်သွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် Mask Campaign ကို မြို့နယ်ကြက်ခြေနီ အသင်းခွဲက ယနေ့ နံနက် ၈ နာရီက ဆောမြို့ မြို့ပေါ်ရပ်ကွက်များအတွင်း လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးချစ်သန်းနှင့် တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်လမ်း၊ ဘုရင့်နောင်လမ်းနှင့် မြို့မစျေး အနီးတို့တွင် နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သွားလာသည့် ပြည်သူများအား နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် လူစည်ကားရာနေရာများဖြစ်သည့် စျေး၊ကားဂိတ်၊စားသောက်ဆိုင်များနှင့် အခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး ဗီနိုင်းပိုစတာ အခု ၁၀၀ ကိုလည်း ချိတ်ဆွဲပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးစံဝင်းထံမှ သိရသည်။
ကိုဇော်ကြီး(ဆော)