ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ (၅/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူး ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၅/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နေ့စဉ် COVID-19 ရောဂါပိုး တွေ့ရှိမှုသည် ကူးစက်ပြန့်ပွားမှု အလွန်မြန်သော မျိုးရိုးဗီဇပြောင်းသည့် ဗိုင်းရပ်ပိုးဖြစ်၍ ကြိုတင်ကာကွယ်ရေးသာလျှင် အလွန်ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လာသူများအား အခန်းများကန့်ထားသည့် Facility Quarantine သို့ တိုက်ရိုက် ထားရှိရန်၊ လူအချင်းချင်း ကူးစက်သည့် ရောဂါပိုးဖြစ်၍ လူစုလူဝေး ဖြစ်စေနိုင်သည့် ဈေးများ၊ ကျောင်းများ၊ ATM စက်ရှိရာနေရာများ၊ စက်ရုံ/ အလုပ်ရုံများ၊ တရားရုံးများ၊ အကျဉ်းထောင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး စစ်ဆေး ဆောင်ရွက်ရန်၊ ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးသော်လည်း COVID-19 ရောဂါ ကူးစက်မှုများပြန်လည်တွေ့ရှိ နေရသဖြင့် ပေါ့ဆ၍မရကြောင်း၊ Load Down ချထားသည့် နေရာများမှ အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်(၅)မျိုးအား ချက်ခြင်းထောက်ပံ့ပေးရန်၊ စေတနာ့ဝန်ထမ်းများ၏ အရေးပေါ် ယာဉ်များအတွက် လိုအပ်သော စက်သုံးဆီများ ထောက်ပံ့ပေးရန်၊ COVID-19 ရောဂါ ကာကွယ်ရေး ပစ္စည်းများ မြို့နယ်အလိုက် အမြန် ဖြန့်ဖြူးပေးရန်နှင့် COVID-19 ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများအတွက် သုံးစွဲသည့် ထောက်ပံ့ငွေများအား စာရင်းစစ်ခံ ယူနိုင်ရေး စနစ်တကျ ပြုစုထားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီဟက COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့် အချက်များ၊ ပိုးတွေ့လူနာ သယ်ယူခြင်းနှင့် ထိတွေ့လူနာ ထားရှိနိုင်ရေး Facility Quarantine များ၏ ပြင်ဆင်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ ကောင်စီ အဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက COVID-19 ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းလုပ်ငန်းများအပေါ် အကြံပြုတင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်ချက်များတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်