ဟားခါးခရိုင်အတွင်း အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စိစစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ဟားခါး  သြဂုတ် ၁၁

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်၍ အရွေးချယ်ခံကြမည့် ဟားခါးခရိုင်အတွင်းမှ အမည်စာရင်းတင်သွင်းထားကြသော နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ် စားလှယ်လောင်းများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ စိစစ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

ဟားခါးခရိုင်အတွင်း ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်တို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန်အတွက် နိုင်ငံရေးပါတီ (၆)ခုမှ လွှတ်တော်အလိုက် အမည်စာရင်းတင်သွင်းထားရှိသူပေါင်း ၄၁ ဦးရှိပြီး အဆိုပါ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများကို သြဂုတ်လ ၁၁ ရက်နေ့မှ သြဂုတ် ၁၇ ရက်နေ့အထိ ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအတွင်း ရေးမှူး ဒေါ်ချိုခိုင်ဦးက သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့သည်။

ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ယနေ့တွင် ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် နိုင်ငံရေးပါတီ ၄ ခုမှ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လမ်းညွှန်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင် စိစစ်ဆောင်ရွက်ရန် အချက်များနှင့်အညီ စိစစ်လျက်ရှိပြီး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရည်မှန်းချက်ဖြစ်သော စံ(၅)ရပ်နှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အနေဖြင့်လည်း ပြည်နယ်အတွင်းရှိ ခရိုင် ၄ ခရိုင်တွင် ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ် လောင်းများ စိစစ်ခြင်းလုပ်ငန်းများကို Video Conferencing ထားရှိကာ အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြင့်နိုင်စိုး (ပြန်/ဆက်)