ဖျာပုံမြို့တွင် COVID-19 (Positive) ရောဂါပိုး (၁၂)ဦးတွေ့ရှိ

ဖျာပုံ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် COVID-19(Positive) ရောဂါပိုး(၅)ဦး တွေ့ရှိခဲ့ပြီး အဆိုပါပိုးတွေ့သူ(၅)ဦးတို့မှာ ပုသိမ်မြို့ မြန်မာ့စီးပွားရေး ဘဏ်သို့ ငွေသွင်း၊ ငွေထုတ်ကိစ္စဖြင့် ဇွန်လ ၂၂ ရက်၌ နေ့ချင်းပြန်အတူ သွားရောက်ခဲ့ပြီး၊ အဆိုပါနေ့မှစ၍ ယနေ့ထိ ဖျားနာကြောင်း သတင်းရရှိသဖြင့် ယမန်နေ့ ညနေပိုင်းတွင် ဖျာပုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စစ်ဆေးရာ ပိုးတွေ့သူ(၅)ဦး တွေ့ရှိပြီး ၎င်းတို့နှင့်ထိစပ်နေသော မိသားစုဝင်များအား ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီး သို့ခေါ်ဆောင်၍ Antigen Diagnostic Test Kit(RDT) ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိသူ(၇)ဦး ထပ်မံတွေ့ရှိရာ စုစုပေါင်း ပိုးတွေ့သူ (၁၂)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူများမှာ ဖျာပုံမြို့အမှတ်(၄)ရပ်ကွက်မှ ကျား(၁)ဦး၊ အမှတ်(၅) ရပ်ကွက်မှ ကျား(၂)ဦး၊ မ(၂)ဦး၊ အမှတ်(၇)ရပ်ကွက်မှ ကျား(၂)ဦး၊ အမှတ်(၈)ရပ်ကွက်မှ ကျား(၂)ဦး၊ မ(၁)ဦး၊ အမှတ်(၉)ရပ်ကွက်မှ ကျား(၁)ဦး၊ မ(၁)ဦး စုစုပေါင်း ကိုဗစ်-ရောဂါပိုးတွေ့ရှိသူ (၁၂)ဦးတို့အား ဖျာပုံခရိုင် ပြည်သူ့ဆေးရုံးကြီး COVID-19 ရောဂါ လူနာသီးသန့်ကုသဆောင်တွင်ထားရှိ ကုသလျက်ရှိပြီး၊ ဖျာပုံမြို့တွင် လက်ရှိအမှတ် ၁၂ ရပ်ကွက်၊ သီရိအဏ္ဏဝါခန်းမနှင့် အမှတ်(၃)ရပ်ကွက်၊ အားအစားခန်းမတို့အား Quarantine Center အဖြစ် ထားရှိကြောင်း သိရသည်။

ဖျာပုံခရိုင်(ပြန်/ဆက်)