မြိတ် ဇွန် ၃၀
မြန်မာနိုင်ငံ၏ တောင်ဘက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တစ်ဖက်ကမ်းတွင် မြန်မာမှု အနုလက်ရာ သံတန်ဆောင်းတော်ကြီးဖြင့် ထုထည်ကြီးမား ခန့်ညားထည်ဝါ ကြည်ညိုဖွယ်ရာ အရှေ့အရပ်ကို မျက်နှာမူကာ ကိန်းဝပ်စံပယ်လျက်ရှိသည့် အတုလရံသီ ရွှေသာလျောင်းဘုရားကြီးကို ထူးခြားစွာ တည်ထားသည်ကို ကမ်းရိုးတန်း မြစ်ရေပြင်ကို ငေးကြည့်ရင်း လှမ်းမျှော် ဖူးတွေ့ရပါသည်။
အတုလရံသီ ရွှေသာလျောင်းဘုရားကြီးသည် ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ ပထက်တောင်ခြေကမ်းစပ်တွင် တည်ရှိပြီး မြိတ်မြို့ ကမ်းနား နောက်လယ်ဗောတံတားမှ ကိုက် (၈၀၀) ကျော် ကွာဝေး၍ ပုံမှန်အားဖြင့် စက်တပ်သမ္ဗန်များဖြင့် (၅)မိနစ်ခန့်သာ မောင်းနှင်သွားလာရသည်။ ဘုရားဖူးပြည်သူများ သည် ကွန်ကရစ် ဆိပ်ခံတံတားဖြင့် အန္တရာယ်ကင်းရှင်းစွာ တက်ဆင်းသွားလာနိုင်၍ လျောင်းတော်မူ ဘုရားကြီးအား အာရုံခံတန်ဆောင်းတွင် သပ္ပာယ်စွာ ဖူးမြော်ကြည်ညို သဒ္ဓါတရားပွားများနိုင်ပြီး ဘုရားကြီးပရဝုဏ်ရှိ ပန်းဥယျာဉ် မြေယာရှုခင်းတွင် စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ပေသည်။
အတုလရံသီ ရွှေသာလျောင်းဘုရားကြီးကို (၄-၆-၁၉၅၅) ခုနှစ်၌ ဆရာတော် သံဃာတော် အရှင်သူမြတ် များအား အမှူးထား၍ ပထက်တောင်ကမ်းခြေတွင် လျောင်းတော်မူဘုရားကြီးတည်ဆောက်ရန် အုတ်မြစ်ချခဲ့ကြပြီး မြေပြန့်လွင်ပြင်၊ ကုန်းတွင်းပိုင်းနှင့် တောင်ပေါ်ဒေသများတွင်သာ တည်ထား ကိုးကွယ်မှုများပြားသည့် လျောင်းတော်မူဘုရားကို တောင်ခြေရေကမ်းစပ်တွင် ထူးခြားစွာ မြန်မာနိုင်ငံ ၏ ပထမဦးဆုံး သံကူကွန်ကရစ် ခေါင်းပွ အမျိုးအစားအဖြစ် တည်ထားကိုးကွယ်ထားသည့် တစ်ဆူ တည်းသော လျောင်းတော်မူဘုရားကြီး ဖြစ်သည်။
အတုလရံသီ လျောင်းတော်မူဘုရားကြီး၏ ဉာဏ်တော်အလျားမှာ (၂၁၆)ပေ၊ အမြင့်မှာ (၅၇) ပေရှိကာ၊ ပလ္လင်တော် အလျားမှာ (၂၂၅)ပေရှိပြီး (၁၀၈)ကွက်သော စက်လက္ခဏာတော်နှင့် ပဒုမ္မာကဲ့သို့ နူးညံ့ သော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခြေတော်အစုံကို ဖူးတွေ့ပူဇော်နိုင်မည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ လျောင်းတော်မူ ဘုရား(၄)မျိုးရှိသည့်အနက် အတုလရံသီလျောင်းတော်မူဘုရားကြီးသည် ဗုဒ္ဓမြတ်စွာ ဘုရား သတ္တဝါများကို မနားမနေ ဆုံးမနေရပြီး ပင်ပန်းနေချိန်တွင် သက်တောင့်သက်သာ ခေတ္တကျိန်း စက် လဲလျောင်းသီတင်းသုံးနေဟန် တည်ထားကိုးကွယ်ကြသည့် တောင်အရပ်ကို ဦးခေါင်းတော်ပြု ထားသည့် ရွှေသာလျောင်းတော်မူ ရုပ်ပွားတော်ကြီးဖြစ်သည်။
လျောင်းတော်မူဘုရားကြီး၏ ဝမ်းတိုက်တော်အတွင်း အဝင်လမ်းတွင် အောင်ခြင်းရှစ်ပါးနှင့် ဇာတ်ကြီး ဆယ်ဘွဲ့ ပန်းချီကားများ၊ ဝမ်းတိုက်တော်အတွင်းရှိ နံရံကပ်တစ်ခြမ်းဖောင်းရုပ်ကြွ မုဒြာအမျိုးမျိုး ဆင်းထုတော်များ၊ ဝမ်းတိုက်တော်အတွင်းရှိ အလယ်တိုင်များတွင် ရပ်တော်မူမုဒြာအမျိုးမျိုး ရုပ်ပွား တော် ဆင်းထုတော်များ၊ ဝမ်းတိုက်တော် အတွင်းရှိ အခန်းပေါင်း(၁၄)ခန်းတွင် နံရံနှင့် မျက်နှာကျက် များမှ ခန်းလုံးပြည့် ရုပ်ပွားတော် ဆင်းထုတော်များ၊ ဝမ်းတိုက်တော်အတွင်း ဦးခေါင်းတော်ပိုင်းရှိ ဘုရားခန်း၊ ဝမ်းတိုက်တော်အတွင်းရှိ ပထမထပ်တွင်(၁၉၅၅)ခုနှစ် မူလပုံစံထုတ် လျောင်းတော်မူ ဆင်းထုတော်ကို ဖူးမျှော်ကြည်ညိုနိုင်ပြီး ဝမ်းတိုက်တော်အတွင်းရှိ နံရံတစ်ချို့တွင် လောကနီတိဆုံးမစာ များကို လေ့လာမှတ်သားနိုင်ပါသည်။
အတုလရံသီ ရွှေသာလျောင်းဘုရားကြီးသည် လျောင်းတော်မူဘုရားများ၌ အကြီးဆုံးစာရင်းဝင်ဖြစ်၍ သတ္တမမြောက် အကြီးဆုံးဘုရားတစ်ဆူဖြစ်သည်။ ပထမအကြီးဆုံး လျောင်းတော်မူဘုရားသည် ဇိနသုခ ရန်အောင် ချမ်းသာရုပ်ပွားတော်ဖြစ်၍ မွန်ပြည်နယ် မုဒုံမြို့တွင်တည်ရှိပါသည်။ ဒုတိယအကြီးဆုံးသည် မုံရွာမြို့၊ တတိယအကြီးဆုံးသည် ပဲခူးမြို့၊ စတုတ္ထအကြီးဆုံးသည် ဟင်္သာတမြို့၊ ပဉ္စမအကြီးဆုံးသည် ထားဝယ်မြို့၊ ဆဌမ အကြီးဆုံးသည် ရန်ကုန်မြို့၊ အဋ္ဌမအကြီးဆုံးနှင့် နဝမအကြီးဆုံးသည် ပဲခူးမြို့တို့ တွင် တည်ရှိသော လျောင်းတော်မူဘုရားများ ဖြစ်ကြကြောင်း မှတ်တမ်းများအရ သိရသည်။
အတုလရံသီ လျောင်းတော်မူဘုရားကြီး၏ အနောက်ဘက်တွင် ဇာတ်ကြီးဆယ်ဘွဲ့ ပန်းပုရုပ်ထုများ၊ ဗုဒ္ဓ မြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ ရုပ်ပွားတော်များ၊ ရပ်တော်မူ၊ ထိုင်တော်မူ မုဒြာအမျိုးမျိုး ရုပ်ပွား တော် ဆင်းထုတော်များ၊ နဂါးရုံဘုရား ဆင်းထုတော်များနှင့် ဦးခေါင်းတော်ဘက်ခြမ်းတွင် စေတီတော်၊ မြင့်မိုရ်တောင် စေတီနှင့် ဗုဒ္ဓဂါယာမှ ပင့်ဆောင်ပူဇော်စိုက်ပျိုးထားသည့် ဗောဓိပင်နှင့် ရုပ်ပွားတော် များကို ဖူးမြော်ကြည်ညိုပူဇော်နိုင်ပြီး စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်သည့် ပန်းဥယျာဉ်မြေယာရှုခင်း နှင့် လျှောက်လမ်းများ တည်ရှိပါသည်။
ရွှေသာလျောင်း ရုပ်ပွားတော်မြတ်ကြီးကို ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးပြည်သူများ ဘုရားကြီးပရဝုဏ်ရှိ ကွန်ကရစ်ဆိပ်ခံတံတား၊ ရေကာတံတိုင်းများ၊ တံတားများကို အန္တရာယ် ကင်းရှင်းစွာ တက်ဆင်းသွားလာနိုင်ပြီး လျောင်းတော်မူဘုရားကြီးအား အာရုံခံတန်ဆောင်း တွင် စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုသဒ္ဓါပွားများနိုင်စေရန်နှင့် မြေယာရှုခင်း ပန်းဥယျာဉ်များ၊ နားနေဆောင်များတွင် အပန်းဖြေနားနေနိုင်ရန်အတွက် (၂၀၁၇)ခုနှစ် နှစ်ကုန်ပိုင်းတွင် လျောင်းတော်မူ ဘုရားကြီး ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေးကော်မတီဖွဲ့စည်းပြီး စေတနာရှင် အလှူရှင်(၂၀၀)ဦး ခန့် လှူဒါန်းငွေကျပ် သိန်းပေါင်း (၁၅၀၀၀)ကျော်ဖြင့် ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အတုလရံသီ ရွှေသာလျောင်းဘုရားကို နေ့ကြီးရက်ကြီးနေ့များနှင့် အလုပ်ပိတ်ရက်များတွင် စက်တပ် သမ္ဗာန်များ၊ ရေယာဉ်များဖြင့် လာရောက်ဖူးမြော်ကြည်ညိုသူ ယခင်ကထက် ပိုမိုများပြားလာကြပြီး အနယ်နယ် အရပ်ရပ်မှ မြိတ်မြို့သို့ ကျွန်းအပန်းဖြေခရီး သွားရောက်ရန် လာရောက်ကြသည့် ခရီးသွား ဧည့်သည်များသည်လည်း ကျွန်းအပန်းဖြေခရီးအပြန်တွင် လျောင်းတော်မူဘုရားသို့ ဝင်ရောက်ဖူးမြော် လျက်ရှိကြသည်။
မြိတ်မြို့တစ်ဖက်ကမ်း တောင်ခြေရေကမ်းစပ်တွင် ထူးခြားစွာဖြင့် တည်ထားကိုးကွယ်လျက်ရှိသည့် အတုလရံသီရွှေသာလျောင်ဘုရားကြီးနှင့် ဘုရားဝမ်းတိုက်တော်အတွင်းရှိ မုဒြာအမျိုးမျိုးသော ဆင်ထုတော်များအား ဖူးမြော်ကြည်ညို သဒ္ဓါတရားပွားများနိုင်စေရန်နှင့် ဘုရားကြီးပရဝဏ်ရှိ ပန်းဥယျာဉ် မြေယာရှုခင်းတွင် စိတ်အေးချမ်းသာစွာ အပန်းဖြေရင်း ကမ်းရိုးတန်းရေပြင် အလှတရား များကို ကြည့်ရှုခံစားနိုင်စေရန် မြိတ်မြို့ တစ်ဖက်ကမ်းရှိ ရွှေသာလျောင်း ဘုရားကြီးဆီသို့ ဖူးမြော် ကြည်ညိုပူဇော်နိုင်ရန် အရောက်လှမ်းလာခဲ့ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။
ခိုင်ထူး