စစ်ကိုင်း ဇွန် ၃၀
စစ်ကိုင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်ကျေးရွာအုပ်စု၊ လက်ပန်တောကျေးရွာတွင် ပထမအကြိမ် ရန်ပုံငွေကျပ်သိန်း(၃၀၀)ထုတ်ချေးပေး ခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ချေးငွေထုတ်ပေးရာတွင် စစ်ကိုင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်စုစုလင်းက မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေးရခြင်း ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်းပြောကြာခဲ့ပြီး မြစိမ်းရောင်တာဝန်ခံဝန်ထမ်းများက ကြီးကြပ်၍ လုပ်ထုံး/ လုပ်နည်း ဥပဒေများ၊ မြစိမ်းရောင်အသင်းသားများအနေဖြင့် မိမိတို့ချေးငွေရရှိသည့်အပေါ်မူတည်၍ တစ်ပိုင် တစ်နိုင်ရေလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းများတွင် စနစ်တစ်ကျအသုံးပြု ဆောင်ရွက်သွားကြစေလိုကြောင်း၊ သို့မှသာ မိသားစုစားဝတ်နေရေး အဆင်ပြေလာနိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုဘဝ တိုးတက် စေရေးအတွက် နှစ်စဉ် မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်