ပုသိမ်မြို့နယ် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းပြုလုပ်

ပုသိမ် ဇွန် ၃၀

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ငါးမျိုးများစိုက်ထည့် ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ငဝန်မြစ်ကူး တံတားအမှတ်(၁) တံတားအောက်ရှိ River View တွင် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးသော်ထွန်းဦး၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမောင်မောင်၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေသန်း ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမင်းမင်း၊ ဦးစိုးပိုင်နှင့် အမျိုးသမီးရေးရာ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပုသိမ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ပုသိမ်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးအေးနိုင်မှ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ယနေ့ပြုလုပ်သည့် ငဝန်မြစ်အတွင်း ငါးလွှတ်ပွဲသည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ငါးမျိုးများ လွှဲပြောင်းပေးပြီး တက်ရောက်လာသူများမှ ငဝန်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။

ယနေ့ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်းကောင်ရေ(၂၂၀၀၀၀)၊ ငါးခုံးမကောင်ရေ (၂၉၀၀၀၀)၊ ယုဇနငါးမွေးမြူရေးမှ ငါးတန်ကောင်ရေ(၂၀၀၀) စုစုပေါင်းကောင်ရေ (၅၁၂၀၀၀)တို့ကို မျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်